မဟာမုနိဘုရားကြီးသည် ရှေးရခိုင်လူမျိုးများအဆက်ဆက် ကြည်ညိုကိုးကွယ်ခဲ့သည့် သမိုင်းဝင် ဘုရားကြီးဖြစ်သည်။ အေဒီ ၄ ရာစု တွင် ထွန်းကားခဲ့သည့် ဓည၀တီ မြို့တောင်ဟောင်းနန်းမြို့ရိုး၏ တောင်ဘက်ထောင့်တွင် တည်ရှိသည်။ ရခိုင်ဘုရင်များသည် မဟာမုနိဘုရားကြီးကို မဏ္ဍိုင်ပြုပြီးဗုဒ္ဓ္ဓ သာသနာတော်ကြီးထွန်းကားစည် ပင်၊ သန့်ရှင်းသာယာမှု ရှိစေရန်ကြိုးပမ်းခဲ့ကြသည်။ ဘုရားသမိုင်းနှင့်ပတ်သတ်ပြီး ရခိုင်ရှေးဟောင်း သမိုင်းဆိုင်ရာ ရာဇာဝင်သမိုင်းများ၊ ပေစာ၊ ကျောက်စာများ၊ နိုင်ငံတကာ သုတေသီများ ရေးသားမှုရှိခဲ့သည်။
ရခိုင်ပြည်ဓညစတီပြည်ကြီးတွင် စန္ဒသူရိယဘုရင် အုပ်ချုပ်နေချိန်တွင် အနောက်မဇ္ဈိမတွင် ဘုရားပွင့်တော်မူသည်။ ဘုရင်ကြီးသည်အလွန် ဖူးမြော်လိုစိတ်များဖြစ်လာပြီး၊ မြတ်စွာဘုရားကို ရည်စူးပြီးခုနှစ်ရက်ပတ်လုံး ကုသိုလ်ပြုပူဇော်ခြင်း၊ ပင့်ဖိတ် တောင်းပန်တော်မူခြင်း ပြုလုပ်ခဲ့သည်။
မြတ်စွာဘုရားသည် ရာဇဂြိလ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကျွတ်ထိုက်သည့် ဝေနေယျသတ္တ၀ါအပေါင်း တို့ကို ကရုဏာရှေ့ထား၍ ကြည့်တော်မူသည့်အခါ စန္ဒသူရိမင်းကြီးပင့်ဖိတ်တောင်းပန်မှုကို မြင်တွေ့ပြီး သာသနာတော်ငါးထောင်ပတ်လုံး လူနတ်ဗြဟ္မာသတ္တ၀ါ အပေါင်းတို့ကို ကောင်းမှုတရားများ ပွားများရရှိစေရန် ဆင်ခြင်တော်မူလျက် ဓည၀တီရခိုင်ပြည်သို့ ချီတော်မူခဲ့ပေသည်။
မြတ်စွာဘုရားနှင့် စန္ဒသူရိယဘုရင်တို့မှာ ရှေးအတိတ်က ပါရမီ ဘက်ရှိခဲ့ကြပေသည်။ မြတ်စွာဘုရားသည် တပည့်သံဃာတော်ငါးရာနှင့် မဟာသက္က္ကရာဇ် ၁၂၃ခု၊ ဘီစီ ၅၅၄ ခုနှစ်တွင် ရာဇာဂြိုလ် ဝေဠုဝန်ကျောင်းတော်မှ ကောင်းကင်ခရီးဖြင့် ဒေသစာရီချီတော်မူပါသည်။
ရခိုင်ပြည်ဓည၀တီ ကစ္ဆပနဒီမြစ် ၏ အရှေ့ဘက်ကမ်း စေလာဂီရိကျောက်တော်တောင်ပေါ်၌ ရပ်နားတော်မူသည်။ ဓည၀တီပြည်မှစန္ဒသူရီယဘုရင် အမှူးပြုသည့် ပြည်သူများသည် ဘုရားရှင်အား ဖူးမြော်ရန် သွားရောက်ခဲ့ကြသည်။
ဘုရင်နှင့်တကွ မိဖုရား မောင်းမမိဿံ မှူးကြီး အမတ်ကြီးများမှာ တရားဒေသနာနာယူကြပြီး တရားအဆုံးတွင် သောတာပတ္တိဖိုလ်၌တည်ကြသည်။ ဘုရားရှင်သည်ပြန်မည်ကို သိသောအခါ စန္ဒသူရိယဘုရင်သည် အများပြည်သူသတ္တ၀ါဝေနေယျများတို့ ကိုးကွယ်မှု ပြုနိုင်ရန် ကိုယ်စား ရုပ်ရှင်တော်တစ်ဆူ ထားပေးရန် လျှောက်ထားတော်မူပါသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည် သိကြားဝိသကြုံတို့ကို ခေါ်ယူပြီး ငါဘုရား ကိုယ်တော်နှင့် မယုတ်မလွန်အတိုင်း ပမာဏရှိသည့် ရုပ်ထုတော်ကို ရတနာအစုစုတို့ဖြင့် ပြုလုပ်စေဟု လက်ခုပ်ကျုံးပြီး ရတနာရွှေငွေတို့ကို သိကြားမင်းအား အပ်နှံတော်မူသည်။
သီရိဂုဏ်တော်ပေါ်တွင် ပွဲသဘင်များကျင်းပပြီး သိကြား၊ ၀ိသကြုံ၊ စန္ဒသူရီယမင်းနှင့် တကွ တစ်ရာသော မင်းအပေါင်းတို့ကို ခြံရံပြီး မဟာ၁၂၃ခုနှစ်၊ ကဆုန်လပြည့် ၊ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှ စတင်ပြီး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို သွန်းလုပ်တော်မူခဲ့သည်။
ခြောက်ဆယ့်ငါးတင်းသော ရတနာတို့ဖြင့် ကြိုချက်သွန်းလုပ် တော်မူခဲ့သည့် ဆင်းတုတော်မှာ သုံးကြိမ်သုံးခါ ပြုလုပ်သော်လည်း ဦးခေါင်းမှာ မစေ့ဘဲ ဖြစ်နေသဖြင့် ဘုရားရှင်အား လျှောက်တင်ကြရာ မစိုးရမ်ပါနှင့် ရတနာပလ္လ္လင်ကိုသာ ပြီးစီးရန် ဆောင်ရွက် ကြဟု မိန့်တော်မူလေသည်။
နံနက်မိုးလင်းသောက်ချိန်ရောက်သည့်အခါ ဘုရားရှင်၏ အာနုဘော်များကြောင့် ရုပ်ထုတော်သည် ပလ္လ္လင်ပေါ်သို့ အလိုလိုလျက်ရှိနေပေသည်။ သိကြား၊ ၀ိသိကြုံ နှင့် လူများသွန်းလုပ်တော်မူသည့် ရုပ်ထုတော်အား တန်းခိုးကြီးမားမှုရှိစေရန်၊ ကိုယ်တော်မှ ရင်ငွေ့တော်ကို ခုနှစ်လက်အုပ်ထည့်တော်မူသည်။ သက္ကရာဇ် ၁၂၃ ခု ကဆုန်လပြည့်ကျော်တစ်ရက် ကြာသပတေးနေ့ နံနက်တွင် မဟာမုနိ ဆင်းတုတော်ကြီးအောင်မြင်ပြီးစီးတော်မူသည်။
No comments:
Post a Comment